| 09 August Weekend Reviews |
|
အခုတစ်လော လုပ်ရမှာတွေက များ၊ လုပ်ချင် တာတွေက များ၊ နောက် လုပ်ခိုင်း တာတွေက များ နှင့် အလုပ်ပေါင်းစုံထဲ လူလည်း အတော့်ကို ဗျာများနေရ၏။ နောက် တွေးတော၊ စီမံကိန်းချထားသော အလုပ် ကြီးကြီး တစ်ခုကလည်း အကောင်အထည် ဖော်မည်ဟု ဆုံးဖြတ်ပြီးခါမှ ကိစ္စတစ်ခု ကြောင့် ပျက်သွားသဖြင့် ဘယ်တော့လောက် ပြန်လုပ်ဖြစ်မည်ဆိုသည် ကိုလည်း ထပ်မံစဉ်းစားရဦးမည်။ ထိုကိစ္စနှင့် အဓိက ပတ်သက်နေသည်မှာ မြန်မာယူနီကုဒ် ဖြစ်ပြီး၊ နောက်တစ်ခုကတော့ ငွေကြေးဖြစ်သည်။ ငွေကြေး အနေနှင့် ပြေလည်နိုင်စရာ အကြောင်းရှိသော်လည်း ထို ယူနီကုဒ် ကိစ္စကတော့ ဖြင့် မည်သို့မည်ပုံ ဆုံးဖြတ်ရမည်ကို မသိသေး။ အလုပ်နည်းနည်း ပါးသွားသည် နှင့် ထို- ကျွန်တော်ကြံစည်တွေးတော ထားသော ကိစ္စအကြောင်းအရာအား ဆောင်းပါးတစ်ပုဒ်အဖြစ် သီးခြား တင်ဆက်သွားပါဦးမည်။ နောက်ထပ် တွေးထားသော၊ ရေးသားဖို့စီစဉ်ထား သော နည်းပညာနှင့် ဘလော့ဂင်း ဆိုင်ရာ ဆောင်းပါးတွေလည်း အတော်များများ ရှိနေသေး၏။ အဓိကအားဖြင့် ကျွန်တော်ရေးလိုသည့် ဆောင်းပါး များမှာ နည်းပညာကို အခြေခံသော ဘလော့ဂ်ဂင်းစီးပွားရေးများ အကြောင်း၊ ထိုဘလော့ဂ်ဂင်း စီးပွားရေး ဆိုသည်မှာလည်း တစ်ကယ့်လက်တွေ့ဘ၀မှာ လွတ်လွတ်လပ်လပ် တည်ရှိနေသည့် မည်သူမဆို မိမိ အားထုတ်မှုပေါ်မူတည်၍ အောင်မြင်နိုင်သည့် အလုပ်တစ်ခုဖြစ်ပြီး ၊ ထိုအလုပ်ဆိုသည်မှာလည်း လူတစ်ဦး တစ်ယောက်စီ၏ ကိုယ်ရည်ကိုယ်သွေးကို မည်သို့မည်ပုံ မြင့်မားလာအောင် လေ့ကျင့်ပြီး သကာလ ထိုအရည်အသွေး၊ ကျွမ်းကျင်မှုတို့ကို အခြေခံအဖြစ် အသုံးချ၍ လူတိုင်းကိုလည်း ထိုသို့ ကောင်းမွန်ပြည့်စုံသော အရည်အသွေးမျိုး ရှိလာစေခြင်းငှာ ပြုလုပ်ပေးရသော (Win-Win System) အလုပ်တစ်ခုဖြစ်ကြောင်း စသည်တို့အား ခရေစေ့တွင်းကျ မဟုတ်စေကာမူ လူတိုင်းနားလည် သဘောပေါက်နိုင်သည့် အဆင့်အထိ ရေးသားလို၏။ ထိုသို့ရေးသားရန်အတွက် အရေးအကြီးဆုံး အနေဖြင့် အခြေခံသီအိုရီတွေလို၏၊ တိကျသေချာသော သတင်းအချက်အလက် အကိုးအကားတွေလို၏၊ ထိုအရာများ အားလုံး ပြည့်စုံရန်အတွက် ရှာဖွေလေ့လာ စုဆောင်းဖို့ အချိန်လို၏။ ပြန်လည်ရေးသားဖို့အတွက် အချိန်လို၏။ နောက်ဆုံးအနေဖြင့် ကျွန်တော် ကိုယ်တိုင်လည်း ရေးသားရင်း မိမိကိုယ်မိမိ လေ့ကျင့်သွားရမည်ဖြစ်ရာ အမှားအယွင်းတွေ ပါကောင်း ပါနိုင်၏။ ထိုအမှားအယွင်းတွေကို စာဖတ်သူမိတ်ဆွေသူငယ်ချင်းများနှင့် ထောက်ပြဝေဖန်ဆွေးနွေးရင်း ကိုယ့်အမှားကိုယ်ပြင်၊ ကိုယ့်အမှားမှတဆင့် မိတ်ဆွေတို့ သင်ခန်းစာရ စသဖြင့် အချိန်ပေး ဝေဖန် ဆွေးနွေးခြင်းများ ကိုလည်း ပြုလုပ်ပေးဖို့ လိုသေး၏။ ထိုထိုသို့သော အကြောင်းအရာများ တို့ကိုလည်း တွေးတောထားပြီး၊ အချို့ကိုလည်း အချက်အလက်များ ရှာဖွေစုဆောင်းပြီးဖြစ်ပါလျက်နှင့် အခြေအနေအကြောင်းအရာ အမျိုးမျိုးကြောင့် ၎င်းတို့ကို ယခုထိ စာဖတ်သူတို့ထံ အရောက် မပို့နိုင်သေး။ အဓိကကတော့ ကျွန်တော်ရေးသားသော ဆောင်းပါးတွေသည် နည်းပညာနှင့် သက်ဆိုင်သည်များ ဖြစ်သည့်အတွက် တိကျသေချာဖို့လိုသည်၊ မှန်ကန်ဖို့ လိုသည်၊ အခြေအနေအကြောင်း အရာ တစ်ခုကြောင့် အနည်းငယ်လွဲမှား မှုရှိခဲ့သည့်တိုင် ထိုလွဲမှားမှုသည် ပြောင်းလွယ်၊ ပြင်လွယ်ဖြစ်ဖို့လိုသည် ဟု ကိုယ့်ကိုယ်ကို ဝေဖန်မိ၏။ သုံးသပ်မိ၏။ လက်ရှိကျွန်တော့်အသက် ၂၅-ပြည့်ဖို့ ၁၁ လအလို။ လူ့သက်တမ်း ၇၅-နှစ် နှင့်တွက်လျင်ပင် ၃ ပုံတစ် ပုံကျိုးနေပြီ။ အမှန်အတိုင်း ၀န်ခံရလျင် ကျွန်တော်သည် ဘာမှလက်ဆုပ်လက်ကိုင် ပြနိုင်စရာ အသိပညာ၊ အတတ်ပညာမရှိသေး။ ပိုင်ပိုင်နိုင်နိုင် ဟုပြောနိုင်သော က-ကြီး အစ၊ အ- အဆုံး သိသည့်ပညာ ဟူ၍ ကျွန်တော့်ကိုယ်၌ ဘာမျှမရှိ။ မွေးသည်မှ သေသည်အထိ ဆည်းပူးမကုန်နိုင်သည့် ပညာတို့ ပြည့်နက်နေသည့် နေရာတစ်ခု အဖြစ် ဘ၀အား ကျောင်းဖြင့်တင်စားကြသည်မှာ ဘာမှမဆန်းကြောင်း ယခု အချိန်တွင် သေသေချာချာ သဘောပေါက်မိသည်။ နောက်ဆုံး ပဋိစ္စသမုပ္ပါဒ် အရပြောရလျင် သေခြင်းသည် ကျွန်တော့်ခန္ဓာ၌ အမြဲတည်ရှိနေသည့် အရာတစ်ခု။ ဘာမှ မကျန်လှတော့သော အချိန်လေးအတွင်း ကိုယ်စွမ်းသလောက်၊ ကိုယ်တတ်နိုင် သလောက် လူတိုင်းအတွက် အကျိုးများစေမည့် အလုပ်တွေကို မိမိမျှော်မှန်းထားသလောက် မပြီးခဲ့ လျင်တောင် ပြီးသလောက်လုပ်သွားခဲ့ဖို့ ကိုယ့်ကိုယ်ကို သင်ယူရင်း၊ ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်ရင်း ဖြင့် ဆုံးဖြတ်လိုက်ရပါကြောင်း။ Weekly Links ထိုကဏ္ဍအား အပတ်စဉ်တင်ဆက်သွားဖို့ ဆုံးဖြတ်ထားပါသည်။ ကျွန်တော့်စိတ်ကြိုက် WordPress ဆိုင်ရာ၊ Blogging ဆိုင်ရာ၊ WebDevlopement ဆိုင်ရာ၊ စိတ်အပန်းဖြေရေး ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ Online ပေါ်တွင် ချက်ချင်းလက်ငင်းရယူ အသုံးချနိုင်သည် များရော၊ လက်တွေ့ဘ၀ နယ်ပယ်တွင် အသုံးချနိုင်သည့် လင့်ခ်များပါ တစ်ပတ်လျင် အနည်းဆုံး အရေအတွက် ၅-ခုစီခန့် ရှာဖွေ ရွေးချယ်တင်ဆက် သွားပါမည်။ စာဖတ်သူတို့ အနေဖြင့် မိမိနှင့်သက်ဆိုင်ရာ ခေါင်းစဉ်များအောက်တွင် အလွယ်တစ်ကူ ရယူသုံးစွဲ နိုင်ကြစေရန်နှင့် အသိ၊ အတတ်ပညာများ တိုးပွားကြစေရန်ရည်ရွယ်ပါသည်။ ယခုတစ်ပတ်အတွက် လင့်ခ်များကတော့ အောက်ပါတို့ပဲ ဖြစ်ကြပါတယ်။ (၁) PHP Myanmar - PHP ကို အခြေခံက စလေ့လာမယ့် သူတွေအတွက် အရမ်းကို သွားသင့်တဲ့ နေရာတစ်ခုပါ။ ဆောင်းပါးတိုင်းကို မြန်မာလိုနှင့် အင်္ဂလိပ်လို (၂) ဘာသာတွဲပြီး ရှင်းပြပေးထားပါတယ်။ (၂) My BEHS Wiki -ဒါကတော့ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ အခြေခံပညာအထက်တန်းကျောင်း များကို စာရင်းပြုစုထားပြီး မြန်မာ့ပညာရေးနှင့်သက်ဆိုင်တဲ့ လေ့လာလိုသူများ၊ ပညာရေး အကြောင်းပါဝင် ပူးပေါင်းရေးသား လိုသူများ သွားရောက်သင့်တဲ့ မြန်မာ့ပညာရေး အွန်လိုင်းစွယ်စုံကျမ်း တစ်ခုဖြစ်ပါတယ်။ (၃) Logo Generator - မိမိဘလော့ဂ်အတွက်၊ မိမိ ၀ဘ်ဆိုဒ်အတွက် လိုဂိုတံဆိပ်တစ်ခု အမြန်လုပ်ဖို့ အလိုရှိနေသူများအတွက် ဒီဆိုဒ်လေးက ကူညီပါလိမ့်မယ်။ ခပ်လန်းလန်း ဖောင့် ဒီဇိုင်း(၁၀) မျိုးနဲ့ လိုဂိုဒီဇိုင်း (၁၀) မျိုးကို ကြိုက်နှစ်သက်ရာ ကာလာ(၁၀) မျိုးနဲ့ အလွယ်တစ်ကူ ဖန်တီးရယူ သုံးစွဲလို့ ရစေပါတယ်။ (၄) Favicon Generator - ဒီတစ်ခုကတော့ ကျွန်တော်အရင်တစ်ခါ ရေးခဲ့တုန်းက Favicon ဆိုဒ် နဲ့မတူကွဲပြားပါတယ်။ ဒီ ဆိုဒ်လေးမှာတော့ FavIcon တစ်ခုကို မိမိစက်ထဲမှာ ရှိပြီးသား ပုံကိုတင် Upload လုပ်လို့ရတာမဟုတ်ပါဘူး။ သူဆိုဒ်ရဲ့ User Interface မှာလည်း မိမိ စိတ်ကူးကွန့်မြူးရင် ကွန့်မြူးသလို ဒီဇိုင်းမျိုးစုံကို ရေးဆွဲပြီး ဒေါင်းလုဒ်လုပ် အသုံးပြုလို့ ရစေပါတယ်။ (၅) Time Waster - အလွယ်တစ်ကူပဲ Time Waster လို့ အများခေါ်သလို နာမည် ပေးလိုက်ပါတယ်။ အမှန်တော့ ဒီလိုအွန်လိုင်း ဂိမ်းလေးတွေဆိုတာ အနောက်ကမ္ဘာက လူတွေအတွက် စိတ်ဖိစီးမှုတွေ များလာရင် လျော့ချပေးတဲ့ အရာတစ်ခုအဖြစ် အသုံးပြုကြတာများပါတယ်။ ကျွန်တော်လည်း တစ်ခါတစ်ရံ အရမ်းစိတ်ဖိစီးမှုတွေများလာတဲ့ အခါ အခုလို စိတ်လက်ပေါ့ပါးစေမယ့် အွန်လိုင်းဂိမ်းလေးတွေ ကစားတတ်ပါတယ်။ သာမန်အားဖြင့်တော့ ဂိမ်းနဲ့ ကျွန်တော်နဲ့က သူစိမ်းတွေပါပဲ။ အခုပေးလိုက်တဲ့ ဒီဂိမ်းလေးကတော့ အတော့်ကို အားပေးသူများတယ် ဆိုတာ သူ့ PR (Page Rank) ကိုကြည့်လိုက်ရုံနဲ့ သိသာစေမှာပါ။ (၆) Stripe Generator - ဒီတစ်ပတ်အတွက် ကျွန်တော့်ရဲ့ The Most Popular Favourite လင့်ခ်ပါပဲ။ Web.2.0 တွေ အရမ်း Active ဖြစ်နေတဲ့ အချိန်မှာ ဒီလိုဆိုဒ်တစ်ခု ရှိထားတာဟာ တော်ရုံတန်ရုံ ဒီဇိုင်းရေးသူတွေ အဖို့ လုံးဝကို ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရစေတဲ့ နေရာတစ်ခုပါ။ မိမိလိုချင်တဲ့ Banner Background ဖြစ်စေ၊ Website Background ဖြစ်စေ ကြိုက်ရာတစ်ခုခုအတွက် ကို မိမိစိတ်ကြိုက် Web.2.0 Style နှင့် စိတ်ကြိုက် အရောင်များ ရောစပ်အသုံးပြုပြီးသကာလ အမိုက်စား Stripe လေးတွေကို အချိန်တိုအတွင်း အလွယ်တစ်ကူ အွန်လိုင်းပေါ်မှာပဲ ဖန်တီးပြီး ဒေါင်းလုဒ်လုပ်ကာ ရယူ အသုံးပြု စေနိုင်ပါတယ်။ အားလုံး ပျော်ရွင် အောင်မြင်စွာ ဘလော့ဂ်ဂင်း နိုင်ကြသည်ဖြစ်စေသော်ဝ် !
|
